ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၁)


နိဒါန်း။
မိုးအအီးသျှေနာင့်
ကျွန်ုပ်ဖြတ်သန်းခဲ့သော
ပစ္စုပ္ပန်များကို သမင်လိုင်ပြန်
အမှတ်တရ ကြည့်ခြင်း။

စာစု (၁)


 

ကျွန်ုပ် ရွာကျောင်းက
၅ တန်းအောင်တော့
အတွိအကြုံ ပိုရဇီဖို့
ဘာဘာက မြို့ကျောင်းကိုပို့လိုက်တေ။
ဘာဘာ့ ညီမအိမ်မှာ နိန်ရရေ။
ကျွန်ုပ် မခြီ။
--------------------
ရွာမာကျန်ခရေ
သငေချင်းရို့ကို လွမ်းရေ။
‌ဖြားဒဒိုင်းပြေ့ချိန် ရွာဇရပ်နား
ပင်လယ်ဇီးပင် ထိပ်က
ဒိုင်ဗီထိုးခစာကို လွမ်းရေ။
စနီ တနင်္ဂနွီမာ ဖြားအကျနာင့်
မျှောဆင်းပနာ
စကေးချောင်းကမ်းပိုင်မာ
ကျမန့်နန့် စစ်တိုက်တမ်းကစပ်ခစာ ကို
လွမ်းရေ။
ချောင်းကမ်းနား
သင်္ချိုင်းဟောင်းတောမာ
မလိန်ဒွတ်ကေသီး ရှာစားခစာကို
လွမ်းရေ။
ရွာထွက်ဝ ကျွလမ်းမာ
ကျုတ်တလူးလူးနာင့်
ဘောလုံး စပ်တမ်း ကျောက်ခစာကို
လွမ်းရေ။
ဘောလုံးကျောက်ပြီးဂေ
ကန်ကြီးမာ ရီကျော်ဖို့ တပ်ထားရေ
သံတိုင်ခေါင်းက ဝှမ်ကျလာရေ
ရီလုံးအောက်မာ ရီချိုးခစာကို
လွမ်းရေ။
တစ်ရက်လုံး အိမ်မကပ်ဘဲ
ညဇာသားပြန်လာခါ
ဆည်ချောင်းဒေါင့်ဂ
မှိုဟင်းခူးလာပနာ
အစ်မလတ်ကို ဖားလို့
သူ့အဆဲလွတ်ခစာကို
လွမ်းရေ။
ဘောင်ဘောင် အိမ်ဆိုင်မာ
ထညက်နာင့် အဖန်ရည်သောက်ခစာကို
လွမ်းရေ။
မိုးသောက်စစော
တောင်ညိုဂ
အဘောင် ရဗဖြူရောင်းရေ
ကောက်ညင်းထုတ်ကို
ညောင်ပင်အောက်မာ
ဝယ်စားခစာကို
လွမ်းရေ။
သီတင်းနိန့်တိုင်ဂေ
ဘာဘာကို ဆွမ်းပို့လို့
သိမ်ထဲမာ သငေချင်းရို့နာင်
ဆွမ်းကျန် ပေါင်းစားခစာကို
လွမ်းရေ။
ညဇာသား ရှာ ဇ ရပ် မာ
သရီကွင်း ပစ်တမ်းကစပ်ခစာကို
လွမ်းရေ။
အစ်ကို သာနုခိုင်
အိပ်ကြောက်မာ
ကျကိုင်ဒိုး ကစပ်ခစာကို
လွမ်းရေ။
--------------------
ယေနာင့် မြို့မာ ကျွန်ုပ် မခြီ။
ရွာအလွမ်းတိ စုပါလတ်ခါ
တစ်ပတ်မကြာ
အထုပ်ချေ ထမ်းပနာ
ထွက်ပြီးယာမနားယေ။
တောင်မော်ချောင်း လွန်စာနာင့်
ရွာကို ဖြတ်လို့ လာရေ
မိုးနံ့သသင်းနာင့် မုတ်သုန်လီကို
သျှူမိ ရေပီတိအရသာ
ခုထိခံစားနိန်တုန်းလို့ ပြောဂေ
လွန်ဖို့မဟောက်ယေ။ ။

Comments