ကမ္ဘာ့ရွာဂ မျက်ရည်စချေတိ (စာတိုချေ - ၁)

 


ကမ္ဘာ့ ရွာဂ မျက်ရည်စချေတိ

---------------
စာတိုချေ (၁)
သူ့နာမေ "ကြွင်းကျန်"
အမိနာင့် အဖမှာ
ပေါက်လာသမျှ သား/သမီး
အဖတ်မတင်လို့ သူ့ကိုမွီးခါ
ရွာဦးကျောင်းဆရာတော်ဘားမာ
ခြံထွက် နပျိုးသီးတစ်ဖီးနာင့်
နာမေတောင်းခါ ပီးလိုက်စာ။
-------------
အတန်းစာကတော့ ရွာကျောင်းဂ
၄ တန်းအောင်။
သူ့အဖကို ရွာမာ
"ဖျာတတ် ကျွာလှ" လို့
ဂုဏ်ပြု ခေါ်ဂတ်တေ။
သူ မှတ်တတ်လောက်ကဘင်
သူ့အဖရေ "နှီးဖျာ" ရက်တေအလုပ်
နာင့် မိသားစုကို
ထမင်းကျွေးရေ။
ရွာလည်ဂ ဇရပ်ရေ
သူ့အဖ "နှီးထိုး" ရေ
အလုပ်ရုံ အမှတ် (၁)။
သူ့အဖ နှီးထိုး ပညာ
ဇာ့ပိုင် ကျွမ်းလေဆိုဂေ
ပန်းတူလေ့ ကိုက်လို့
ဇရပ်ဂ လူတိနာင့်လေ့ အပြောမပျက်
ဝါးတစ်စိတ်ကို စက္ကူနီးပါးထိ
နှိးပြားဖြစ်ယောင် ထိုးတတ်တေ လူ။
သူ့အဖနှီးထိုးလို့ စွန့်ပစ်ပစ္စည်းဖြစ်တေ
"နအူ" ကို
ရွာဂ လောင်း/သမ္ဗာန်တိ
ပလုတ်မကျအောင် ဇရပ်နားဂ
‌ချောင်းဖျားချေမာ မီးတိုက်ဖို့
သုံးဂတ်တေ။
ရောင်းစာမဟောက်
အလကားပီးစာ
(အဂုဆိုဂေ ရောင်းဂတ်ဖို့ ထင်ယင့်)
အိမ်ရှိ "မောင်းဂါ" ရေ
သူ့အဖ ဖျာရက်တေ
အလုပ်ရုံအမှတ် (၂)။
ဖျာရက် ဇာပိုင်ကျွမ်းလေဆိုကေ
တစ်ရက်မာ ၅ ထည်ကို
ချချောက်ချေ ပြီးရေ။
မြို့ဂ ဖျာဆိုင်ရေ
သူ့အဖ ပစ္စည်းသွင်းရေ ကုမ္ပဏီ။
တစ်လတစ်ခါဇီ
မြို့ ဝါးဖောင်ဂ
ဝါးကို အကြွီးယူပျာ
ဖြကြီးဖြားမာ
ဖြားအကျနာင့်
ဖောင်လုပ်လို့ မျှောချခါ
သူလေ့ အဖသေနာင့်
လိုက်ပါရစာ အကောင်းပျော်ရေ။
သူ ၄ တန်းအောင်လို့
ကျောင်းထွက်စာနာင့်
အဖဘားမာ အလုပ်သင်
ဝင်လုပ်ယင်း ...
____________
ကြွင်းကျန်ကို မိသားစုတစ်ခု
ဖျာရက် ပညာ ကျွမ်းကျင်အဆင့် နာင့်
အမိ အဖ လူ့လောကထဲ
ချန်ထားခပြီးနောက် ...
ဇရပ်မာ ရွာကျောင်းဆရာ
"ဆရာ စိန်" ပြောရေ
"ကမ္ဘာကြီးရွာဖြစ်လားယာ" ဆိုစာကို
အဖထိုင်ခရေ နိန်ရာမာထိုင်လို့
နှီးထိုးယက်ပင်း
သူ ကြားနိန်ဂေလေ့
သဘောမပေါက် ချင်။
ဆရာစိန်ကို အားနာလို့လေ့
မမိန်းဖြစ်ခလီ ...
------------
ရွာဂ လယ်သမတိ
ကိုးရီးယားဂ လာရေ
"ကန်စဟပ်" တိ အလိပ်လိုက်
ဝယ်လို့ စပါးလှန်းဂတ်ချိန်
မြို့ဖျာကုမ္ပဏီ ဖျာမစွန်လို့
ဒဝါလီ ခံရချိန်ခါမှ ...
ကြွင်းကျန်ပါးပြင်မာ
မျက်ရည်စချေတိ ဝီလို့
ကမ္ဘာ့ ရွာဆိုစာကို
သဘောပေါက်ပျာ ...
ယင်းရွာရေ
ကြွင်းကျန်ရို့ပိုင် လူတန်းစားအတွက်
ဟိုး ...
အဝီးတစ်နိန်ရာမာ
မမှုံ မှုံချေ သိမ့် ...

Comments