ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၃)

 


ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ

-----------

စာစု (၃)
၁၉၆၈ မုန်တိုင်းကြီးလိုက်ခါ
ဘာဘာငှားပီးရေ အိမ်
ပြိုပါလားခလို့ အမိရွာပြန်လားပျာ
ကျွန်ုပ်အား အိမ်ပိုင်သျှင် အဘောင်၏
အမျိုးအိမ်မှာ ထားပခရေ။
မြို့ကျွမ်းဝင်လားခါ
ရွာကို မလွမ်းယာဆိုရဖို့။
--------------
၇ တန်းနှစ်ခါ
ဆရာဦးစောစိန်
ပုဏ္ဏားကျွန်းက ရာထူးတိုးပြောင်းလာလို့
ကျောင်း ကကောင်းစည်လားရေ။
ဆရာက စာပြလေးတော်ရေ
အားကစားလေး တော်ရေ။
ကျောင်းသားတိနန့် သငေချင်းပိုင်
ရရင်းနနီး ပေါင်းခါ
ဆရာကို ချစ် ကြောက် ရိုသေ
အတုယူ ဂတ်တေ။
--------------
ကျောင်းလွတ်လို့ ၄ နာရီနောက်ပိုင်းမာ
စာပီဝါသနာပါသူရို့ကို ဆရာက
ကဗျာစပ်နည်း အခြေခံသင်ပီးရေ။
ဆရာဦးမောင်ကြီး (အချစ်စု)
ဆရာဦးမဲအောင် (ပလဲနက်)
ကျောင်းသားကြီးတိဖြစ်တေ
ကိုသောင်းထွန်းအောင် (ဘဝမ်း ပလူပျံ)
ကိုမောင်ကျော်( ဇံနီ )
ကိုကျော်ဇံလှ (မြေဝမ်း စိမ်းမောင် )ရို့
ဦးစီးပျာ ကျောင်းနံရံကပ်
စာစောင်ထုတ်စာမာ
ကျောင်းသားချေတိ
ကလောင်သွီးခွင့် ရရေ။
----------------
စာပီရပ်ဝန်းမာ ပထမဆုံး ရီဆီးပန်းချီချေနာင့်
မြင်ခွင့်ရရေ ကိုယ့်ကဗျာသျှေကို
ပီတိဖြစ်ပနာ ဖတ်မဝ ဆိုစာမာ
အဂုထိ နှုတ်ကျက်ရနိန်ရေ ဆိုဂေ
လွန်ဖို့ မထင်ပါဒေ။
ကလောင်နာမေကတော့
ဆရာကြီး မဟာဆွေ
ဆရာကြီး အောင်လင်း
ဆရာကြီးသိပ္ပံ မောင်ဝ ရို့ကို
အားကျပျာ
"သိပ္ပံ လင်းဆွေ" လို့ပျင်ပလိုက်ယင့်။
-------------
ထို ကဗျာသျှေကတော့
"အမေအို၏ မှာတမ်း"
* ရွာ၏ရှေးရေး မင်းမျှော်တွေးပြီး
ခလေးသူငယ် မိုးသောက်ကြယ်နှင့်
လယ်ယာဦးကြီး တို့ဖိုးဖီးတွက်
ရွာမှထွက်ခွာ မြို့ကျောင်းတော်တွင်
ပညာသင်နေ အိုသားငယ်
အမေမှာလိုက် ပါရစေ။
* မြို့ကြီးဌာနေ ထိုရပ်မြေတွင်
မိတ်ဆွေသောင်းပြောင်း မင်းမပေါင်းနှင့် ...
အပျော်အပါး မလိုက်စားနှင့် ...
အနန္တဂိုဏ်းဝင် ဆရာသျှင်၏
သွန်သင်ပေးရာ မြတ်ပညာကို
လေ့လာမှတ်သား ထားလေလော့။
သိပ္ပံ-လင်းဆွေ
ကဗျာစပ်နည်း အခြေခံသင်ကြားပီးရေ
ငယ်ဆရာ ဦးစောစိန်အား
ဤစာစုဖြင့် လက်ဆယ်ဖြာ
ထိပ်မှာမိုးလို့ ရှိခိုးကန်တော့
လိုက်ပါယင့်။

Comments