ကမ္ဘာ့ ရွာဂ မျက်ရည်စချေတိ
---------------
စာတိုချေ (၃) (နိဂုံး)
သူ့နာမေ "မောင်ထွီးယေ"
မှတ်တတ်လောက်ကဘင်
ရွာဦးကျောင်းဆရာတော်ဘားမာ
ကျောင်းဝေယျာ ဝိစ္စ ကူလုပ်ယင်း
ဆွမ်းကျန်စားလို့
ကြီးလာစာ။
-------------
အတန်းစာမသင်ဖူး ကေလေ့
သဒ္ဒါ သင်္ဂြိုဟ် တတ်တေ ...
ငါးပါးသီလမြဲရေ ...
လောဘ ဒေါသနည်းရေ ...
"ပြည့်စုံခြင်း" ဆိုစာကို
"ပစ္စုပ္ပန်မာ" ဟိရေ
"ကိုယ့်အခြေအနေ" ရေ
ကိုယ့်အတွက်
"ပြည့်စုံနိန်စာ" လို့ ထင်မှတ်တေ။
-------
သူအရွယ်ရောက်ခါ
မြို့နာင့် ရွာကြားဂ
ချောင်းမာ
ကုတိုးခတ်ဖို့
ရွာဦးဆရာတော် ဂ
ရွာမိ ရွာဖတိနာင့်ညှိလို့
စီစဉ် ပီးရေ။
ကုတို့ကူးခ ရစာကို
ဆရာတော် ဘားမာ
တစ်ပတ်တစ်ခါဇီ လားအပ်ထားရေ။
ချောင်းကမ်းထုန့်
ကုက္ကိုပင်အောက်မာ
စင်ဆောက်ပျာနိန်ရေ။
မြို့ကို ဟင်းရောင်း
နို့ပို့လားသူတိ ဝယ်လာရေ
ဟင်း ငါးရို့နာင့်
ကုတိုးကူးလူ စုန့်ယင်း
ချက်စားရေ။
အားချိန်မာ ကုက္ကိုပင်ဘေးနားမာ
ရီကန်ချေတစ်ကန်
တစ်ဖြေးဖြး တူးပျာ
မိုးကျခါ ငါးမွီးစပ်တေ။
ချောင်းစပ်နားက
တောင်ပူစာချေကို အားတိုင်း
ရှင်းရေ။
မိုးကျခါ နပျိုးခင်းချရေ
သခွါးစိုက်တေ။
ထွက်လာရေငါး ဟင်းရို့ကို
မြို့ကို အရောင်းလားလူတိနာင့်
ဆောင်းပါး ထည့်ရောင်းခိုင်းရေ။
ယပိုင် ... ယပိုင်နာင့်
မောင်ထွီးရေ ဘားမာ
ငါး ဟင်းဖောက်သေတိ
မိုးလင်းဂေ တန်းစီလာဂတ်စာ
မြင်တွိလာရရေ။
---------
တရက်နိန့်ခါ
ရွာကျောင်းဆရာချေ
မြို့ဂ လခထုတ်အပြန်မာ
"ဟွင်ဝေး" ဆိုလား "ဟဝေး" ဆိုလား
"တို့ဖုန်း" တစ်လုံး ဝယ်ပီးခပျာ
ဖုန်းတို့နေးတိကို
စင်မာ တညိမ့်အိပ်
သင်ပီးခလို့
"ဖိချဘုတ်" ဇရပ်ထက်ကို
အားဂေ တတ်ဖို့ တတ်လာရေ။
---------
ရွာဂ အားခွန်ဟိရေ
လူပျိုချေတိ
ကျောပိုးအိတ် တစ်လုံးစီလွယ်ပျာ
မြို့တက်ဂတ်ဂေ ...
"ကမ္ဘာ့ရွာကို လားယာ အစ်ကိုထွီးယေ"
နာင့်ဘင်ဇီ ပြောလို့ လားခဂတ်စာ
ရွာမာ
နို့သောက်နာင့် ဒုတ်ထောက် လောက်ယာ
ကျန်ခပိုင် မြင်ယာ။
____________
တရက်နိန့်
မိုးသောက် စစော
ရီပူတည်နိန်တုန်း
ကြွင်းကျန် ဆိတ်မညိုနာင့်
အပျို လပျို တစ်စု
ကျောပိုးအိတ်ကိုယ်စီနာင့်
"ကျီးရောင်း" "ဘာရောင်း"
ပပျော် ပပါး
ကမ္ဘာရွာတို့ လားခဂတ်ခါ
သူ့ရင်မာ ဟာလာ ဟင်းလင်း
ဖြစ်ကျန်ခစာ
ဇာသူလေ့သိလီဖို့မဟောက် ...
ဇာတွက်ဆို
ညဂညည့်ခါသား
ဖိချဘုတ်တနားချေကြည့်နိန်တုန်း
မလေးရှားမာ
"အိုးဗလာစီ" ဆိုလား
"အော်ပလာစီ" ဆိုလား ဖမ်းလို့
တက်လာရေ ပုံတိထဲမာ
သူ့ ကုတိုးကိုစီးပျာ
မျှော်လင့်ချက် တခွဲသားနာင့်
လားခဂတ်တေ
ကိုယ့်ရွာသားချေတိကို
မြင်လိုက်မိရေခါ ...
ကြွင်းကျန်ရို့ ဆိတ်မညိုရို့ အုပ်စု၏
ကြောပြင်ကို ကြည့်ရင်း
မောင်ထွီးယေ ပါးပြင်မာ
မျက်ရည်စချေတိ ဝီပျာ
ကမ္ဘာ့ရွာ ဆိုစာ ..

Comments
Post a Comment