ကိုယ့်ရွာနာင့် ကိုယ့်ဇာတ်
အကြီးမ နှစ်လည်သမီးခါ
မမဲဂျီမာ အမိ ဆုံးရေ။
အကြီးမ ၂ နှစ်သမီးဖြစ်ခါ
အငယ်ကောင်ကို မွီးရေ။
ဆန်ရိုင် စပါးရိုင်ချေတိနာင့်
ဘဝကို ပပျော်ရရွှင်ချေ
လားနိန်တုန်းမာ ...
-------------------
မမဲဂျီရို့ရွာ စီးပွားရေး
တစ်ချိုးကွေ့ ပြောင်းပါလတ်တေ။
ထိုအိမ်မာလေ့ “ကတ်ဆတ်” နာင့် ...
ဒေအိမ်မာလေ့ “ဖိလစ်လေဒီယို” နာင့် ...
ရီခတ်တေ အပျိုတိုင်း
“ဇဂိုင်း” “ရခွက်” နာင့်ဆို
“အိုးဗားရှန်း” ဖြစ်လားယာ။
ဘင်္ဂလာ “သွပ်အိုး” မှ
စတိုင် မလိုင် ကျဂတ်တေ။
လပျိုတိုင်း ခါးမာ
“အီစမန်” “ဒယော” နာင့် ...
ထိုဖက်ကမ်းမာ “ကယုချောင်း”
ဒေဖက်ကမ်းမာ မမဲဂျီရို့ရွာ
လို့ဇီ ပြောဂတ်တေ။
ညည့်တစ်ဂိုင်ဂေ
ရွာချောင်းထဲ မာ
ဘုတ်စက်သံ တဂျုံးဂျုံးနာင့် ...
ရွာဂ အလုပ်လုပ်တတ်သူတိုင်း
သမ္ဗာန်တိဂ စပါးကို
ဘုတ်ထဲ ပြောင်းထည့်ဂေ
တစ်ယောက် ဒန်းဂါး ၅၀ ရရေ။
ရွာကျောင်းဆရာချေ လခ ၁၈၅ ပြား(ကျပ်)
ရရေဆိုယင့် ...
သူ့တပည့် အောင်ဇံ
၄ ညည့် အလုပ်လုပ်ကေ
ဆရာ့လခ ထက် ပိုလားယာ။
တပည့်ဆိုစာယာ အားဟိစာမာ
သူ့ဆရာချေ ခန္ဓာ နှစ်ဆဟိရေ။
တပည့်ကတော့ သိတတ်တေ
ညဇာသားဆိုဂေ
ကိုယ့်ဆရာချေအတွက်
တောတစ်ပိုင်း
ကျော်သိန်းလီဆီး တစ်ပွာရောလို့
ကျောင်းနောက်က အဆောင်မာ
အဆင်သင့်ယာယေ။
----------------
တစ်ရက်နိန့်
ဘုတ်တစ်စီးမာ
လားခါနီးမ
စက်ဆရာ ဝမ်းကျရေဆိုခါ
ဘုတ်ထွက်ဖို့ အခက်အခဲကျလားယာ။
ဘုတ်ဂ မထွက်လို့မရ ...
မိုးလင်းစာနာင့်
ချောင်းထဲမာ ကကြင်းလလင်း
ရှင်းနိန်ရဖို့ဆိုခါ ...
ရွာဦးကျောင်း မီးစက်မာ
ဆရာတော်ကို ကူညီနိန်ရေ
စိန်ဂျုကို လားမြင်ဂတ်တေ။
စိန်ဂျု ဂလေ့ စက်ဆရာတော့ မဟောက်
နှိုး-သတ် ထက်တော့ အဆင့်မြင့်ရေ။
နှိုူး-သတ် ဆိုစာဂ
ဘုတ်ထွက်ဂေ စက်ကိုနှိုး
ဘုတ်ကမ်းကပ်ခါ
စက်ကို သတ် ...
ယလောက်ယာ
လမ်းမာပျက်ဂေ
သူနာင့်မဆိုင်ယာလေးယေ။
----------------
စိန်ဂျုရို့ဘုတ်
“အွိုင်စတာ” ကို “ရရီချေ” မြင်ရချိန်ခါ
မိုးနာင့် လီနာင့် တွိယာမနားယေ
လှိုင်းဂယာ တစ်ဘောင်းဘောင်း ...
တစ်ခါတစ်ခါ လိုင်းအဆောင့်မာ
ဘုတ်ကွဲယာလား ထင်ရရေ ...
စံဂိုးထက်မာ ဇသီး လိမ့်ပိုင်
လိမ့်နိန်ရေဆိုခါ
စပါးအိပ်တစ်ချို့ ဝေးချနိန်းတုန်း
ဘုတ်ပျိုင်တစ်ချပ် ပွင့်ထွက်ပျာ
ဘုတ်စောင်းလားလို့
“ကုန်းဘတ်” ထက်လူတိ
“ဂါလံပုံးခွံ” ကိုယ်စီနာင့်
ခုန်ချလားချိန်မာ ...
စိန်ဂျု တစ်ယောက် စက်ခန်းထဲဂ
ထွက်မရောက်လိုက် ...
-------------------
ဘုတ်ပိုင်ရှင် ဘားဂ
ယော်ကြေးလေ့ မဟောက်ယာယေ
အကူအညီပီးရေ ဒန်းဂါးနင့်
ရွာဦးကျောင်း
ဆွမ်းစားဆောင်ဆောက်နိန်စာမာ
စိန်ဂျု နာမေနာင့် တိုင်တစ်လုံးလှူ လို့ ...
ကျန်ဒန်းဂါးနာင့်
အိမ်ကို သံဖြူမိုးလိုက်တေဆိုခါ
စိန်ဂျု ၏ထာဝရ အရိပ်ကို
မိသားစု ခိုနားနိန်ရေ လို့
မမဲဂျီခံ စားမိရေ။
___________
စိန်ဂျု တစ်ယောက်
လှိုင်းလီအောက်မာ
အရှုံးပီး လိုက်ရဂေလေ့
မမဲဂျီ ဂဒေါ့
လောကဓံ လှိုင်းတံပိုးအောက်
မရောက်ဇီဖို့ ...
ကိုယ့်ရွာကို ကမ္ဘာမှတ်ပျာ
အချေနှစ်ယောက်နာင့်
အံကြိတ်ပနာ ...

Comments
Post a Comment