ကမ္ဘာ့ ရွာဂ မျက်ရည်စချေတိ
---------------
စာတိုချေ (၂)
သူ့နာမေ "ဆိတ်မညို"
အမိနာင့် အဖမှာ
ပေါက်လာသမျှ သား/သမီး
အဖတ်မတင်လို့ သူ့ကိုမွီးခါ
ရွာဦးကျောင်းဆရာတော်ဘားမာ
ဆွမ်းတစ်ပွဲ ပို့ပျာ
နာမေတောင်းလို့ ပီးလိုက်စာ။
----------
အမိတစ်ခု သမီးတစ်ခု
အဖသည် မြို့ဂ ငါးရောင်းအပြန်
"မိုးသက်လီပြင်း" နာင့် "တော်လုံး" ကြားမာ
ငါးလောင်းထက်ဂ "လူးကျ" လို့
အလောင်းတောင်
မမြင်လိုက် ဂတ်ရ။
-------------
အတန်းစာကတော့ ရွာကျောင်းဂ
၄ တန်းအောင်။
သူ့အဖ မဟိရေနောက်မာ
အမိသည် တစ်ယောက်
မြစ်ကမ်းနားမာ
"ရင်းဒွန်း" ထိုးလို့
ရရေငါးကို အဖသငေချင်းနာင့်
မြို့ဈီးမာရောင်းဖို့
"ဆောင်းပါး" ဇီထည့်ပျာ
ဘဝရပ်တည်ဂတ်တေ။
သူမှတ်တတ်လောက်ကဘင်
သူ့အဖရေ
ကွန်ပစ်
ရင်းဒွန်းထိုး
ငါးမျှား
ခြရံ
ခြုံကျောက်
ကလန့် နှိုက်
ငပထုံးထိုး
အိုင်ပစ်
ခုတ်ဖြူတွင်းထောင် စရေ
ငါးရှာ ပညာမျိုးစုံ နာင့်
မိသားစုကို
ထမင်းကျွေးရေ။
သူ့အဖကို ရွာမာ
"မန်နီဂျာ" လို့ခေါ်ဂတ်တေ။
မသိလူဆိုဂေ
စပါးအဝယ်ဒိုင်ဂ
မန်နီဂျာ ထင်ဂတ်ဖို့။
မဟောက် ...
ငါးရှာဂေ
ဖြတက် ဖြကျ
ဖြကြီး ဖြသီ မဟိ
သူ့အဖ ပြန်လာဂေ
ငါး တစ်ခြရင်း ပါလာစာ
ဂျေးယာ။
ယေနာင့် ရွာကလူတိဂ
ငါးမန်နီဂျာလို့ "တော့ပျာ"
ခေါ်ဂတ်စာယာ ယင်။
ကြာလာခါ ရှိဂ
နာမဝိသေသန "ငါး" ကိုဖြုတ်လို့
မန်နီဂျာ ဖြစ်လားစာ ဆိုပါယင့်။
ဆိတ်မညို ၄ တန်းအောင်လို့
ကျောင်းထွက်စာနာင့်
အမိ ဘားမာ
ရင်းဒွန်းထိုး အလုပ်သင်
ဝင်လုပ်ယင်း ...
____________
ဆိတ်မညိုကို
ဝါးအိမ်တစ်ဆောင်
ရင်းဒွန်း တစ်လက် နာင့်
အမိသေတစ်ယောက်
လူ့လောကထဲ
ချန်ထားခပြီးနောက် ...
မြို့ကျောင်းဂ
ကျောင်းပိတ်လို့ ပြန်လာရေ
သငေချင်း "ကျွာလှစိန်"ပြောရေ
"ကမ္ဘာ့ရွာ" ဆိုစာကို
သူနားမလည်သျှောင်
စိတ်လေး မဝင်စား။
------------
တစ်ရက်နိန့်
ညဇာသား "နိန်ဝင်ဒရူး"မာ
"အဟောတော်" အခင်စိန်
ရွာကိုပတ်ဟော လာမာ
"မြစ်ကမ်းနား" ဆိုစာ ပါလို့
အာရုံစိုက်နားထောင်လိုက်ခါ
"အိုး ...ရွာသားရို့
နက်ဖန်ဂ စလို့
မြစ်နားတစ်လျှောက်မာ
ငါးရှာခြင်း လုံးဝမပြုလုပ်ရ။
အခွင့်မဟိ ငါးရှာသူကို
တွိဟိပါဂ
"မြစ်လိုင်ဆင်" ခံထားသူဂ
ထိရောက်စာ အရေးယူဖို့အကြောင်း
ကြေငြာ မောင်းခတ်လိုက်ပါရေ"
------------
ဆိတ်မညို ပါးပြင်မာ
မျက်ရည်စချေတိ ဝီပျာ
သငေချင်း ကျွာလှစိန် ပြောခရေ
ကမ္ဘာ့ ရွာဆိုစာကို ...
မကြားတစ်ချက်
ကြားတစ်ချက် နာင့် ...

Comments
Post a Comment